အမေရိကန်ပြည်ထောင်စု၊ ကူးသန်ရောင်းဝယ်ရေးဌာန၏ အစီရင်ခံစာထွက်ပေါ်ပြီးနောက် အမေရိကန် ဒေါ်လာတန်ဖိုးမြင့်တက်ကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၀၀) အောက်သို့ကျဆင်းခဲ့မှု

အမေရိကန်ပြည်ထောင်စု၊ ကူးသန်ရောင်းဝယ်ရေးဌာန၏ အစီရင်ခံစာထွက်ပေါ်ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၃၀၀) အောက်သို့ကျဆင်းခဲ့မှု

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်(ကြာသပတေးနေ့) တွင် အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၈ ခုနှစ် နှစ်ကုန်စတုတ္တ (၃) လပတ်ကာလအတွင်း အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ မျှော်မှန်းထားသည့် ပမာဏ ၂.၃% ကိုကျော်လွန်ကာ ၂.၆%  အထိရှိခဲ့သည်ဟုဖော်ပြထားကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ်နေခြင်း၊ အမေရိကန်အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ရပ်တန့်မှုဖြစ်ပေါ်ခဲ့ခြင်းတို့ကြုံတွေ့ခဲ့ရသည့်တိုင် အမေရိကန်စီးပွားရေးအခြေအနေမှာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ဟူသော ခန့်မှန်းချက်များအားကောင်းစွာထွက်ပေါ်လာခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံသူများသည် ရွှေအစားအမေရိကန်ဒေါ်လာကိုပိုမိုဝယ်ယူစုဆောင်းလာကြသည့်အတွက် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်ကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင်လွန်ခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်အောက်လွှတ်တော်ရှိဘဏ္ဍာရေးဝန်ဆောင်မှုရေးရာကော်မတီ ကြားနာစစ်ဆေးမှုတွင် အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်မီပေါင်ဝယ်က ပြောကြားရာ၌  အမေရိကန်ပြည်ထောင်စု၏ လက်ရှိစီးပွားရေးအခြေအနေမှာတိုးတက်သည့် အနေအထားတွင်ရှိနေပြီး ဆက်လက်၍လည်း ဖွံ့ဖြိုးတိုးတက်နေမည်ဟူ၍ ကြိုတင်ခန့်မှန်းနိုင်သည့် အခြေအနေတွင် ရှိသည်ဟုပြောကြားခဲ့ခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကိုမြင့်တက်စေသည့် အခြားသောအချက်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လ(၂) ရက်(စနေနေ့) တွင် နယူးယောက်ဈေးကွက်၌ ဧပြီလအတွက် ရွှေကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ ၁.၃% ကျဆင်းကာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၂၉၉.၂) ဒေါ်လာဖြင့် ​ဈေးပိတ်သွားခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုး မှာမူ ၀.၄% မြင့်တက်ခဲ့ကြောင်း www.reuters.com ဖော်ပြပါရှိပါသည်။

ယခုရက်သတ္တပတ်အတွင်း အိန္ဒိယဆန်နှင့် ထိုင်းဆန်ဈေးနှုန်းများကျဆင်းခဲ့သော်လည်းဗီယက်နမ်ဆန် ဈေးနှုန်းမှာမူ အနည်းငယ်မြင့်တက်ခဲ့မှု

ယခုရက်သတ္တပတ်အတွင်း အိန္ဒိယဆန်နှင့် ထိုင်းဆန်ဈေးနှုန်းများကျဆင်းခဲ့သော်လည်းဗီယက်နမ်ဆန် ဈေးနှုန်းမှာမူ အနည်းငယ်မြင့်တက်ခဲ့မှု

အိန္ဒိယနိုင်ငံတွင် လတ်တလောကာလများအတွင်း ပြည်ပဝယ်လိုအားနည်းပါးလျက်ရှိချိန်တွင် အိန္ဒိယရူပီးငွေတန်ဖိုးကျဆင်းခဲ့ခြင်းနှင့် အိန္ဒိယ-ပါကစ္စတန် ပထဝီနိုင်ငံရေးတင်းမာမှုများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် ယခုရက်သတ္တပတ်အတွင်း အိန္ဒိယ (၅) မှတ်ပေါင်းဆန်တစ်တန်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၂) ဒေါ်လာကျဆင်းပြီးတစ်တန်လျှင်အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ (၃၇၈) ဒေါ်လာနှင့် (၃၈၃) ဒေါ်လာအကြား၌ဖြစ်ပေါ်ခဲ့ကြောင်း၊ အိန္ဒိယရူပီးငွေတန်ဖိုးမှာ ၂၀၁၉ ခုနှစ် အတွင်း၂% ခန့်ကျဆင်းလျက်ရှိသည်ဟု သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံတွင်မူ ဗီယက်နမ်အစိုးရသည်ဆန်အရန်သိုလှောင်မှုများပြုလုပ်ရန်အတွက် ပြည်တွင်းလယ်သမားများထံမှ ဆန်တန်ချိန်(၂)သိန်း ဝယ်ယူမည်ဟုကြေညာထားသည့်အတွက် ယခုရက်သတ္တပတ်အတွင်း ဗီယက်နမ် (၅) မှတ်ဆန်တစ်တန်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၅) ဒေါ်လာမြင့်တက်ခဲ့ပြီး တစ်တန်လျှင်အမေရိကန်ဒေါ်လာ (၃၄၅) ဒေါ်လာသို့ရောက်ရှိခဲ့သည်ဟု သိရှိရ ပါသည်။

လတ်တလောရက်သတ္တပတ်များအတွင်း ပြည်ပဝယ်လိုအားနည်းပါးလျက်ရှိခြင်းကြောင့် ဆန်သစ်များ ဈေးကွက်အတွင်းဝင်ရောက်လာခြင်းနှင့် ထိုင်းဘတ်ငွေတန်ဖိုးအားကောင်းနေခြင်းတို့ကြောင့် ယခုရက်သတ္တပတ်အတွင်းထိုင်း (၅) မှတ်ဆန်ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းခဲ့ပြီး တစ်တန်လျှင်အနိမ့်ဆုံးဈေးအမေရိကန်ဒေါ်လာ (၃၈၃) နှင့် အမြင့်ဆုံးဈေးအမေရိကန်ဒေါ်လာ (၃၉၈) ၌ ဖြစ်ပေါ်လျက်ရှိသည်ဟုသိရှိရကြောင်း www.reuters.com တွင်ဖော်ပြပါရှိပါသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မလေးရှားနိုင်ငံ၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုကျဆင်းခဲ့သည်ဟူသော အစီရင်ခံစာထွက်ပေါ်ပြီးနောက် မလေးရှားစားအုန်းဆီဈေးနှုန်းမှာ (၂)လတာကာလ အတွင်းအနိမ့်ဆုံးသို့ကျဆင်းခဲ့မှု

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မလေးရှားနိုင်ငံ၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုကျဆင်းခဲ့သည်ဟူသော အစီရင်ခံစာထွက်ပေါ်ပြီးနောက် မလေးရှားစားအုန်းဆီဈေးနှုန်းမှာ (၂) လတာကာလအတွင်း အနိမ့်ဆုံးသို့ကျဆင်းခဲ့မှု

ဗြိတိန်နိုင်ငံ၊ လန်ဒန်အခြေစိုက်အရည်အသွေးစမ်းသပ်စစ်ဆေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း (Intertek Testing Services) က ထုတ်ပြန် သည့်အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် မလေးရှားစားအုန်းဆီဈေးနှုန်းမှာကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက် (ကြာသပတေးနေ့) တွင် Intertek Testing Services (ITS) က ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မလေးရှားနိုင်ငံ၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုမှာ တန်ချိန် (၁.၂၄၃) သန်းခန့်ရှိခဲ့ရာ ဇန်နဝါရီလအတွင်းဖြစ်ပေါ်ခဲ့သည့် ပြည်ပသို့ တင်ပို့မှုပမာဏ တန်ချိန် (၁.၄၆၆) သန်းနှင့်နှိုင်းယှဉ်ပါက ၁၅.၂% ကျဆင်းခဲ့သည်ဟု ဖော်ပြထားရာ မလေးရှားစားအုန်းဆီအား ပြည်ပဝယ်လိုအားနည်းပါးလျက်ရှိသည်ဟူသော ခန့်မှန်းချက်များနှင့်အတူ မလေးရှားစားအုန်းဆီဈေးနှုန်းမှာ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မလေးရှားနိုင်ငံ၏ စားအုန်းဆီအရန်သိုလှောင်မှုပမာဏမှာ လက်ရှိအချိန်တွင် တန်ချိန် (၃) သန်းခန့်ရှိရာ အဆိုပါပမာဏသည် နှစ်ပေါင်း(၂၀) ကာလအတွင်း အရန်သိုလှောင်မှုပမာဏအများဆုံးအနေအထားသို့ ရောက်ရှိနေခြင်းသည်လည်း စားအုန်းဆီဈေးနှုန်းကိုကျဆင်းစေသည့် အခြားသောအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၁) ရက် (သောကြာနေ့) နံနက်ပိုင်းတွင် မလေးရှားစားအုန်းဆီဈေးကွက်၌ မေလအတွက် စားအုန်းဆီကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၅% ကျဆင်းပြီး တစ်တန်လျှင် မလေးရှားငွေ ၂၁၂၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၂၂.၀၂ ဒေါ်လာ) ၌ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် (၂) လတာကာလအတွင်းအနိမ့်ဆုံးဈေးနှုန်းဖြစ်ပြီး မလေးရှားစားအုန်းဆီဈေးနှုန်းသည် (၅) ရက်ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းဖြင့် www.thestar.com.my တွင် ဖော်ပြပါရှိပါသည်။

အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံအကြား လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံ ဒေသတွင်းရှိ လေဆိပ်များအားပိတ်ခဲ့ပြီး လေကြောင်းခရီးစဉ်များဖျက်သိမ်းခဲ့သောကြောင့် အရှေ့တောင် အာရှဒေသများသို့ ရောက်ရှိနေသည့်ရာပေါင်းများစွာသော ဗြိတိန်ခရီးသွား ဧည့်သည် များမှာ လေဆိပ်များ၌သောင်တင်လျက်ရှိမှု

အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံအကြား လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံဒေသတွင်းရှိ လေဆိပ်များအားပိတ်ခဲ့ပြီး လေကြောင်းခရီးစဉ်များဖျက်သိမ်းခဲ့သောကြောင့် အရှေ့တောင်အာရှဒေသများသို့ ရောက်ရှိနေသည့်ရာပေါင်းများစွာသော ဗြိတိန်ခရီးသွား ဧည့်သည်များမှာ လေဆိပ်များ၌သောင်တင်လျက်ရှိမှု

အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံအကြား လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံဒေသတွင်းရှိလေဆိပ်များအား ပိတ်သိမ်းခဲ့သောကြောင့် ထိုင်းအဲဝေး(Thai Airways) လေကြောင်းလိုင်းသည် ဥရောပခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ပြီး အန်းမရိတ်(Emirates) နှင့် ကာတာ(Qatar) လေကြောင်းလိုင်းများအပါအဝင်အခြားသောလေကြာင်းလိုင်းများမှ လေကြောင်းခရီးစဉ်အများအပြားအား ဖျက်သိမ်းခဲ့သောကြောင့် အရှေ့တောင်အာရှဒေသများသို့ ရောက်ရှိနေသော ရာပေါင်းများစွာသောဗြိတိန်ခရီးသွားဧည့်သည်များမှာ လေဆိပ်များ၌ သောင်တင်လျက်ရှိသည်ဟု သိရှိရပါသည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံအကြား ပထဝီ နိုင်ငံရေးတင်းမာမှုများ ပိုမိုဆိုးရွားလာပြီး လေကြောင်းခရီးစဉ်များဖျက်သိမ်းခဲ့သောကြောင့် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်တွင် ခရီးသည်ရာပေါင်းများစွာ သောင်တင်လျက်ရှိကြကာ အစား အသောက်နှင့် ရေလိုအပ်ချက်များဖြစ်ပေါ်လျက်ရှိပြီး အခက်အခဲများနှင့်ရင်ဆိုင်ရလျက်ရှိကြောင်း၊ ဥရောပသို့သွားရောက်သည့်လေကြောင်းခရီးစဉ်သည် အိန္ဒိယနိုင်ငံအား ဖြတ်သန်းပြီးပါကစ္စတန် နိုင်ငံမှတစ်ဆင့်သွားရောက်ရသည်ဖြစ်ရာ ထိုင်းအဲဝေး(Thai Airways)လေကြောင်းလိုင်းသည် ဥရောပရှိ ဂျာမနီနှင့် ဗြိတိန်သို့ထွက်ခွာသွားသည့်လေယာဉ်များအား ပြန်လည်လှည့်ပျံဆင်းသက်စေခဲ့ပြီး ဥရောပသို့သွားရောက်မည့် လေကြောင်းခရီးစဉ်များအားလုံးကို ဖျက်သိမ်းခဲ့ကြောင်း၊ အလားတူ အန်းမရိတ် (Emirates) နှင့်ကာတာ(Qatar) လေကြောင်းလိုင်းများအပါအဝင် Etihad ၊ Flydubai ၊ Gulf Air ၊ SriLankan Airlines နှင့် Air Canada အစရှိသည့် လေကြာင်းလိုင်းများသည်လည်း ပါကစ္စတန်နိုင်ငံသို့သွားရောက်မည့် လေကြောင်းခရီးစဉ်များအားဆိုင်းငံ့ခဲ့ပြီး တောင်အာရှနိုင်ငံရှိ အချို့ခရီးစဉ်များအား ဖျက်သိမ်းခဲ့သောကြောင့်လေဆိပ်တွင်သောင်တင်လျက်ရှိသောခရီးသည်များအား အခြားသောလေယာဉ်ခရီးစဉ်များဖြင့် သွားရောက်နိုင်ရေးအတွက် Singapore Airlines နှင့် British Airways တို့မှ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းအဲဝေး (Thai Airways) လေကြောင်းလိုင်းဥက္ကဌသည် အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ပုံမှန်လေပိုင်နက်မှဖြတ်သန်းသွားနိုင်သည့်ဥရောပလေကြောင်းခရီးစဉ်ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိကြောင်း၊ ပါကစ္စတန်နိုင်ငံသည် အိန္ဒိယတိုက်လေယာဉ် (၂) စီးကိုဖျက်ချခဲ့ပြီး ယခုကဲ့သို့ အိန္ဒိယနိုင်ငံမှလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းသည် ၁၉၇၁ နောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်ခြင်းပင်ဖြစ်သည်ဟု သိရှိရပါသည်။

အဆိုပါအိန္ဒိယနှင့်ပါကစ္စတန်နှစ်နိုင်ငံလေကြောင်း တိုက်ခိုက်မှုများဖြစ်ပေါ်ကာ လေကြောင်းခရီးစဉ်များ ဆိုင်းငံ့ခဲ့ရသောကြောင့် အိန္ဒိယနိုင်ငံ၏အကြီးဆုံး စရိတ်နည်းလေကြောင်းလိုင်းကြီးဖြစ်သည့် IndiGo လေ ကြောင်းလိုင်းရှယ်ယာတန်ဖိုးမှာ ၄% ခန့်ကျဆင်းခဲ့ကြောင်း၊ အလားတူ ပါကစ္စတန်နယ်စပ်အနီးရှိ အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများမှ လေဆိပ်များအားပိတ်သိမ်းခဲ့ခြင်း နှင့် ပုဂ္ဂလိကစီးပွားဖြစ်လေကြောင်းလိုင်းများအား ကန့်သတ်ပိတ်ပင်ခဲ့ပြီးနောက် IndiGo အပါ အဝင်အခြားသောလေကြောင်းလိုင်းများမှ လေယာဉ်ခရီးစဉ် (၆၅) ခုအား ဖျက်သိမ်းခဲ့ရကြောင်း၊ ထို့ပြင် အိန္ဒိယ-ပါကစ္စတန်ပဋိပက္ခကြောင့် အာရှနှင့် ဥရောပဈေးကွက်ရှိ စတော့ရှယ်ယာ တန်ဖိုးများကျဆင်းခဲ့ပြီး MSCI ၏အာရှပစိဖိတ်ဒေသစတော့ရှယ်ယာတန်ဖိုးမှာ ၀.၁၅%  သို့လည်းကောင်း၊ ဥရောပဈေးကွက်ရှိ pan-European STOXX600 စတော့ရှယ်ယာတန်ဖိုးမှာ ၀.၅% သို့လည်းကောင်း အသီးသီးကျဆင်းခဲ့သည်ဟုသိရှိရကြောင်း www.dailymail.co.uk တွင်ဖော်ပြပါရှိပါသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးနှောင့်နှေးဖွယ်ရှိသည်ဟူသော သတင်းများကြောင့် ဗြိတိန် စတာလင်ပေါင်တန်ဖိုးမှာ(၇)လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးနှောင့်နှေးဖွယ်ရှိသည်ဟူသော သတင်းများကြောင့် ဗြိတိန် စတာလင်ပေါင်တန်ဖိုးမှာ (၇) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂ(EU) မှ ၂၀၁၉ခုနှစ်၊ မတ်လ (၂၉) ရက်နေ့တွင် အပြီးတိုင် နုတ်ထွက်မည်ဖြစ်သော်လည်း ယခုအခါ ဗြိတိန်နိုင်ငံ(UK) ခွဲထွက်ရေးကိစ္စမှာ နှောင့်နှေးဖွယ်ရှိသည်ဟူသော သတင်းများထွက်ပေါ်လာပြီးနောက် ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ (၇)လတာကာလအတွင်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ဗြိတိန်နိုင်ငံသည် EU မှ ခွဲထွက်ရေးနှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်၊ မတ်လ(၂၉) ရက်မှ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်အထိ (၂) နှစ်တာကာလအား ခွဲထွက်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းရေးကာလအဖြစ်သတ်မှတ်ကာညှိနှိုင်း ပြင်ဆင်မှုများလုပ်ဆောင်လာခဲ့ကြောင်း၊ EU မှ ဗြိတိန်ခွဲထွက်ရေးနှင့်စပ်လျဉ်းသည့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၏ခွဲထွက်ရေးမူကြမ်းမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းတွင် EU ခေါင်းဆောင်များ၏ သဘောတူညီမှုများရရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဗြိတိန်ပါလီမန်၌ မဲခွဲဆုံးဖြတ်ရာတွင်မူရှုံးနိမ့်ခဲ့ကြောင်း၊ ထို့ကြောင့် ဝန်ကြီးချုပ်ထရီဇာမေသည် ၎င်း၏ ဗြိတိန်ခွဲထွက်ရေးမူကြမ်းအားပြင်ဆင်မှုများပြုလုပ်ကာ EU ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်လျက်ရှိပြီးလာမည့်မတ်လ(၁၂) ရက်နေ့တွင်ခွဲထွက်ရေးမူကြမ်းအသစ်အား ဗြိတိန်ပါလီမန်၌ မဲခွဲဆုံးဖြတ်မည်ဟုကြေညာခဲ့ကြောင်း၊ သို့သော် ဝန်ကြီးချုပ်ထရီဇာမေသည် EU မှ ဗြိတိန်ခွဲထွက်ရာတွင် EU နှင့် ဖြစ်စေ၊ ဗြိတိန်ပါလီမန်နှင့်ဖြစ်စေ အပေးအယူသဘောတူညီမှုမရရှိပါကလည်း(no-dealBrexit) အဆိုပါသတ်မှတ်ရက်တွင် ခွဲထွက်မည်ဟုစိတ်ပိုင်းဖြတ်ထားခြင်းကြောင့် EU မှ ဗြိတိန် ခွဲထွက်ရေးနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ထရီဇာမေ၏ ကွန်ဆာဗေးတစ်ပါတီနှင့် အတိုက်အခံလေဘာပါတီတို့မှ ပါလီမန်အမတ် စုစုပေါင်း(၁၁) ဦးသည်ယခုဖေဖော်ဝါရီလအတွင်း၌ပါတီများမှ နုတ်ထွက်ခဲ့ခြင်းနှင့် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ဝန်ကြီးချုပ်ထရီဇာမေ၏ကွန်ဆာဗေးတစ်ပါတီဝင် ဝန်ကြီး (၃) ဦးသည်ပါတီမှ နုတ်ထွက်မည်ဟုခြိမ်းခြောက်ပြောဆိုခြင်းများဖြစ်ပေါ်ခဲ့ရာ ဝန်ကြီးချုပ်ထရီဇာမေသည် မတ်လ(၁၂) ရက်နေ့တွင် မဲခွဲဆုံးဖြတ်ရာ၌ ၎င်း၏ခွဲထွက်ရေးမူကြမ်းအသစ်ရှုံးနိမ့်ခဲ့ပါက ပါလီမန် အမတ်များအနေဖြင့် no-deal Brexit အားလက်သင့်ခံ/မခံနှင့် ခွဲထွက်ရေးသတ်မှတ်ရက် နောက်ဆုတ် ရွှေ့ဆိုင်းခြင်းပြု/မပြုကို မဲခွဲဆုံးဖြတ်ခွင့်ပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ ၎င်း၏ပြောကြားချက် ထွက်ပေါ်ပြီး နောက်တွင် ဗြိတိန်ပါလီမန်အမတ်များသည် no-deal Brexit ကို လက်ခံမည်မဟုတ်ဘဲ ခွဲထွက်ရေးသတ်မှတ်ရက်အား နောက်ဆုတ်ရွှေ့ဆိုင်းခြင်းကိုသာ ထောက်ခံမဲပေးသွားဖွယ်ရှိခြင်းနှင့် ဥရောပသမဂ္ဂသည်လည်း ဗြိတိန်ခွဲထွက်မည့်အချိန်ကာလ သတ်မှတ်ရက်အား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းပေးသွားဖွယ်ရှိခြင်းတို့ကြောင့် ဗြိတိန်ခွဲထွက်ရေး နှောင့်နှေးသည်နှင့်အမျှ ဗြိတိန်နိုင်ငံ၏ စီးပွားရေးအရှိန်အဟုန်ကောင်းမွန်လာနိုင်သည်ဟူသော ခန့်မှန်းချက်များနှင့်အတူ ရင်းနှီးမြှုပ်နှံသူများသည် စတာလင်ပေါင်ဝယ်ယူစုဆောင်းမှုများ ပြုလုပ်လာကြသောကြောင့် စတာလင်ပေါင်တန်ဖိုးမှာ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ငွေကြေးဈေးကွက် အတွင်းဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ၀.၆% မြင့်တက်ခဲ့ပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန် ဒေါ်လာ (၁.၃၃၃၅) ဒေါ်လာလဲလှယ်မှုနှုန်းသို့ရောက်ရှိခဲ့ကြောင်း၊ အဆိုပါနှုန်းထားသည်၂၀၁၈ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း(၇) လတာကာလအတွင်းစတာလင်ပေါင်တန်ဖိုး အမြင့်ဆုံးနှုန်းထားပင်ဖြစ်ပြီး စတာလင်ပေါင်တန်ဖိုးသည် ယခုဖေဖော်ဝါရီလအတွင်း ၁.၆% ခန့် မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်းဖြင့် www.reuters.com တွင်ဖော်ပြပါရှိပါသည်။

အိန္ဒိယနှင့် ပါကစ္စတန် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ပဋိပက္ခများဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် အိန္ဒိယစတော့ရှယ်ယာတန်ဖိုးနှင့် ရူပီးငွေတန်ဖိုးများကျဆင်းခဲ့မှု

 

အိန္ဒိယနှင့် ပါကစ္စတန် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ပဋိပက္ခများဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် အိန္ဒိယစတော့ရှယ်ယာတန်ဖိုးနှင့် ရူပီးငွေတန်ဖိုးများကျဆင်းခဲ့မှု

အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံအကြား ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် အိန္ဒိယစတော့ရှယ်ယာတန်ဖိုးနှင့် ရူပီးငွေတန်ဖိုး များမှာ ကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးရဲတပ်ရင်းဖြစ်သည့် Central Reserve Police Force (CRPF)မှ မော်တော်ယာဉ်(၇၈)စီးဖြင့် အင်အား(၂,၅၀၀)ခန့်လိုက်ပါလာသော အမှတ်(၇၆)ရဲတပ်ရင်းယာဉ်တန်းသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် အိန္ဒိယအစိုးရမှထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသ၊ ဂျမူးမြို့ရှိ ကြားစခန်းတစ်ခုမှ သရီနာဂါမြို့သို့သွားရောက်ရာ ပူလ်ဝါမာအရပ်၌ အသေခံကားဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်(၄၁)ဦးသေဆုံးခဲ့ကြောင်း၊ ကနဦးစုံစမ်းစစ်ဆေးမှုများအရ အသေခံ ဗုံးခွဲတိုက်ခိုက်သူမှာ အဒေးလ်အာမက်ဒါဆိုသူဖြစ်ပြီး ၎င်းသည် အိန္ဒိယမှ ကတ်ရှ်မီးယားခွဲထွက်ရေး အကြမ်းဖက်အဖွဲ့ဖြစ်သော ဂျိုက်ရှ်အီမိုဟာမက်(jaish-e-Mohammed)အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်းနှင့်၎င်းအဖွဲ့သည် ပါကစ္စတန်အခြေစိုက်ခွဲထွက်ရေးအကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်ဟုသိရှိရကြောင်း၊ ရဲတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့ရခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယအစိုးရသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်(အင်္ဂါနေ့) နံနက်အစောပိုင်းတွင် ပါကစ္စတန် လေပိုင်နက်သို့ဝင်ရောက်ကာ jaish-e-Mohammed အဖွဲ့၏အကြမ်းဖက်လေ့ကျင့်ရေးစခန်းများအား လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံအနေဖြင့်လည်း လက်တုံ့ပြန်မှုများပြုလုပ်သွားမည်ဟူ၍ သတင်းများထွက်ပေါ်လာခဲ့ရာ နျူကလီးယားလက်နက်ပိုင်ဆိုင်သော အိန္ဒိနှင့်ပါကစ္စတန်နှစ်နိုင်ငံ ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ပဋိပက္ခများဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် ရူပီးငွေတန်ဖိုးနှင့် အိန္ဒိယစတော့ရှယ်ယာ တန်ဖိုးများမှာ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်(အင်္ဂါနေ့)တွင် အိန္ဒိယနိုင်ငံ၏ BSE Sensex စတော့ ရှယ်ယာတန်ဖိုးများမှာ ၁.၅%ကျဆင်းခဲ့ပြီး ရူပီးငွေတန်ဖိုးမှာလည်း ၀.၅%ကျဆင်းကာ အမေရိကန် တစ်ဒေါ်လာလျှင် ရူပီးငွေ(၇၁.၀၇)ရူပီးလဲလှယ်မှုနှုန်းထား၌ဖြစ်ပေါ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ(၂၇)ရက် (ဗုဒ္ဓဟူးနေ့)တွင် အိန္ဒိယရူပီးငွေတန်ဖိုးမှာ(၀.၄၀)ရူပီးထပ်မံကျဆင်းပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၇၁.၄၇)ရူပီးလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့သည်ဟုသိရှိရကြောင်းဖြင့် www.bloomberg.com ဖော်ပြပါရှိပါသည်။

မှတ်ချက်။      ။နောက်ဆက်တွဲရရှိသောသတင်းများအရ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံတို့သည် ကက်ရှ်မီးယား ဒေသတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်နေပြီး ကတ်ရှ်မီးယား ဒေသရှိ နှစ်နိုင်ငံအချို့သောလေဆိပ်များကို ပိတ်ထားခဲ့သည်ဟုသိရှိရကြောင်း၊ ထို့ပြင် ပါကစ္စတန် တိုက်လေယာဉ်များသည် ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် အိန္ဒိယလေပိုင်နက်သို့ ဖြတ်သန်းဝင်ရောက်ကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပါကစ္စတန်လေပိုင်နက်သို့ ဝင်ရောက်လာသော အိန္ဒိယ တိုက်လေယာဉ်(၂)စင်းအားပစ်ချခဲ့ကြောင်းနှင့် လေယာဉ်မှူးတစ်ဦးအား ဖမ်းဆီးထားသည်ဟူ၍ ပါကစ္စတန်ဘက်မှ သတင်းထုတ်ပြန်ခဲ့သော်လည်း အိန္ဒိယအစိုးရကမူ အဆိုပါအခြေအနေများနှင့် စပ်လျဉ်း၍ အတည်ပြုတုံ့ပြန်ပြောကြားခြင်းမရှိသေးဟု သိရှိရကြောင်း။

ရည်ညွှန်း www.bloomberg.com

ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်လာခြင်းနှင့်ပတ်သက်၍ အိုပက်အဖွဲ့အား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃% ကျော်ကျဆင်းခဲ့မှု  

ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်လာခြင်းနှင့်ပတ်သက်၍ အိုပက်အဖွဲ့အား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃% ကျော်ကျဆင်းခဲ့မှု

ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်းနှင့် ၂၀၁၉ခုနှစ်အတွင်း အမြင့်ဆုံးအနေအထားသို့ရောက်ရှိခဲ့ရာ ထိုသို့ရေနံဈေးနှုန်းများမြင့်တက်လာခြင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိုပက်အဖွဲ့အား သတိပေးပြောကြားမှုများ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများမှာ ၃% ကျော်ကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုသည် ပြည်ပမှရေနံအများအပြား တင်သွင်းနေသည့်နိုင်ငံဖြစ်ပြီး သမ္မတဒေါ်နယ်ထရန့်သည် ရေနံဈေးနှုန်းကြီးမြင့်လာခြင်းမှာ ကောင်းမွန်သည့်အချက်မဟုတ်ကြောင်း၊ ထိုသို့ ဈေးနှုန်းများမြင့်တက်လာခြင်းကို လက်ခံမည်မဟုတ်ကြောင်းကို အိုပက်အဖွဲ့အား၂၀၁၈ခုနှစ်၊ ဧပြီလတွင် ပြစ်တင်ဝေဖန်ပြောကြားမှုများ ပြုလုပ်ခဲ့ပြီး၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း အိုပက် အဖွဲ့အနေဖြင့် နေ့စဉ်ရေနံထုတ်လုပ်မှုကို လျှော့ချခြင်းမပြုလုပ်ဘဲ တိုးမြှင့်ထုတ်လုပ်ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးကြောင်း၊ အလားတူလွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ကမ္ဘာ့ ရေနံဈေးနှုန်းများမှာ (၃) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ရာ တန်ဖိုးများစွာ ကြီးမြင့် လာသည့် ကမ္ဘာ့ရေနံဈေးနှုန်းများကို အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာ့နိုင်ငံများက လက်ခံ ခွင့်ပြုနိုင်မည်မဟုတ်ကြောင်း၊ အိုပက်အဖွဲ့အနေဖြင့် ရေနံလျှော့ချထုတ်လုပ်မှုကို အလျင်စလို လုပ်ဆောင်ခြင်းမပြုကြရန်နှင့် ရေနံဈေးနှုန်းများအား တည်ငြိမ်အောင်လုပ်ဆောင်ကြရန် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက် (တနင်္လာနေ့)တွင် သမ္မတဒေါ်နယ်ထရန့်က သတိပေး ပြောကြားခဲ့ကြောင်း၊ ၎င်းပြောကြားချက်ထွက်ပေါ်ပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်း WTI နှင့် ဘရန့်ရေနံ ဈေးနှုန်းများမှာ  ၃.၁% နှင့် ၃.၅% စီ အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ဧပြီလအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၅% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၅၅.၁၉)ဒေါ်လာသို့လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ဘရန့်ရေနံစိမ်း တစ်စည်၏ ဈေးနှုန်းမှာ ၀.၂%ကျဆင်းပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၄.၃၂) ဒေါ်လာသို့ လည်းကောင်း အသီးသီးကျဆင်းခဲ့သည်ဟု www.reuters.com တွင် ဖော်ပြပါရှိပါသည်။

တရုတ်ကုန်ပစ္စည်းများ သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခြင်းအား နောက်ဆုတ်ရွှေ့ဆိုင်းပေးမည်ဟု သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီးနောက် တရုတ်ယွမ်ငွေတန်ဖိုးမှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့မှု

တရုတ်ကုန်ပစ္စည်းများ သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခြင်းအား နောက်ဆုတ်ရွှေ့ဆိုင်းပေးမည်ဟု သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီးနောက် တရုတ်ယွမ်ငွေတန်ဖိုးမှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့မှု

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ပင်တို့သည် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလဆန်းရက်တွင် နှစ်နိုင်ငံအကြား သွင်းကုန်ခွန်အပြန်အလှန်တိုးမြှင့်ကောက်ခံခြင်းကို ၂၀၁၉ခုနှစ်၊ မတ်လ(၁)ရက် နေ့အထိ ယာယီရပ်ဆိုင်းထားရန်သဘောတူညီမှု ရယူခဲ့ပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်ရေးတာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြရာ ယခုအခါတွေ့ဆုံဆွေးနွေးမှု များမှာ (၇)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါဆွေးနွေးမှုများနှင့်ပတ်သက်၍ အလားအလာ ကောင်းသော တိုးတက်မှုများရရှိနေပြီဟု သမ္မတဒေါ်နယ်ထရန့်က ဖေဖော်ဝါရီလ(၂၂)ရက်တွင် ပြောကြားခဲ့ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆွေးနွေးမှုရလဒ်ကောင်းများရရှိနေပြီ ဖြစ်ပြီး ထပ်မံ၍လည်းရလဒ်ကောင်းများရရှိနိုင်ဖွယ်ရှိသည့်အတွက် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမည့် နောက်ဆုံးရက်သတ်မှတ်ချက်အား နောက်ဆုတ်ရွှေ့ဆိုင်းပေးမည်ဟု ဖေဖော်ဝါရီလ(၂၄)ရက်တွင် သမ္မတဒေါ်နယ်ထရန့်က ၎င်း၏တွစ်တာစာမျက်နှာတွင်ရေးသားဖော်ပြခဲ့ရာ ၎င်း၏ပြောကြားချက်ကို အကြောင်းပြု၍ တရုတ်ယွမ်ငွေတန်ဖိုးမှာ(၇)လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်(တနင်္လာနေ့)တွင် တရုတ်ဗဟိုဘဏ်သည် ရည်ညွှန်း ငွေလဲလှယ်မှုနှုန်းထားအား အမေရိကန်တစ်ဒေါ်လာလျှင် (၆.၇၁၃၁)ယွမ်လဲလှယ်မှုနှုန်း သတ်မှတ် ခဲ့ကြောင်း၊ တရုတ်ပြည်တွင်း ငွေကြေးဈေးကွက်တွင်မူ တရုတ်ယွမ်ငွေတန်ဖိုးမှာ ၀.၆% မြင့်တက် ခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၆.၆၇၃၀)ယွမ်လဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ နှုန်းထားသည် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ နောက်ပိုင်း (၇)လတာကာလအတွင်း တရုတ်ယွမ်ငွေတန်ဖိုး အမြင့်ဆုံးနှုန်းထားပင်ဖြစ်သည်ဟု သိရှိရပါသည်။

အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးတာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးရာတွင် ဉာဏပစ္စည်းကဏ္ဍ၊ နည်းပညာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍနှင့် ငွေကြေး အပါအဝင်အခြားသော လုပ်ငန်းကဏ္ဍများနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးခဲ့ကြရာ ရလဒ်ကောင်းများ ရရှိထားခြင်းဖြစ်သည်ဟုသိရှိရကြောင်း၊ ထို့ပြင် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီတွင် နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ရလဒ်ကောင်းများထပ်မံထွက်ပေါ် လာပါက အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင့်ပင်တို့သည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ မာအာလာဂိုအပန်းဖြေစခန်း၌ ထပ်သီးဆွေးနွေးပွဲပြုလုပ်ကာ နှစ်နိုင်ငံ အကြားကုန်သွယ်ရေးသဘောတူညီမှုကို အပြီးသတ်ရယူသွားဖွယ်ရှိသည်ဟု www.reuters.com ဖော်ပြပါရှိပါသည်။

ယခု ၂၀၁၉ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှုမှာ ၂၁% ခန့် မြင့်တက် လာဖွယ်ရှိသည်ဟု အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာန(USDA)မှ ခန့်မှန်းထားမှု

ယခု ၂၀၁၉ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှုမှာ ၂၁% ခန့် မြင့်တက် လာဖွယ်ရှိသည်ဟု အမေရိကန်ပြည်ထောင်စုစိုက်ပျိုးရေးဌာန(USDA)မှ ခန့်မှန်းထားမှု

ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှု ပမာဏမှာ ၂၀၁၈ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခု ၂၀၁၉ခုနှစ်အတွင်း ၂၁% ခန့်မြင့်တက်လာဖွယ်ရှိသည်ဟု အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေး ဝန်ကြီးဌာန၊ နိုင်ငံရပ်ခြားစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာန(USDA)က ခန့်မှန်းထားသည်ဟု သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီးဌာန၊ နိုင်ငံရပ်ခြားစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာန(USDA)မှ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာ၌ ယခု၂၀၁၉ ခုနှစ် အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှုပမာဏမှာ လွန်ခဲ့သည့် ၂၀၁၈ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်တင်သွင်းမှုပမာဏတန်ချိန်(၁.၉)သန်းနှင့် နှိုင်းယှဉ်ပါက ၂၁% ပိုမိုကာ စုစုပေါင်း ဆန်တန်ချိန်(၂.၃)သန်းခန့် တင်သွင်းရဖွယ်ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် လတ်တလောကာလများအတွင်း ပြည်ပမှ ဆန်အများအပြား တင်သွင်းရလျက်ရှိပြီး ပြည်ပ ဆန်တင်သွင်းမှုများအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖိလစ်ပိုင်အစိုးရက ရုတ်သိမ်းပေးခဲ့ခြင်း၊ ပြည်တွင်းဆန် စျေးကွက်အတွင်းသို့ ဆန်လုံလောက်စွာရရှိစေနိုင်ရန် ဖြန့်ဖြူးပေးနိုင်မှုမရှိခြင်းနှင့် ပြည်တွင်း၌ ဆန်အရောင်းအဝယ် နည်းပါးခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာခဲ့သည့်အတွက် ပြည်တွင်း၌ ဆန်လိုအပ်ချက်ဖူလုံမှုရှိစေရန် လုပ်ဆောင်သည့် အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှုမှာ မြင့်တက် လာနိုင်ဖွယ်ရှိခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ စားသောက်ကုန်ဆိုင်ရာ လုံခြုံရေးအာဏာပိုင်(NFS)က ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တင်သွင်းနိုင်ရေးအတွက် အစိုးရထံမှ ခွင့်ပြုချက်ရရှိရန် တောင်းခံလာသည့် ပုဂ္ဂလိက သွင်းကုန်လုပ်ငန်းများမှာ (၁၈၀)ခန့် ရှိကြောင်း၊ အဆိုပါ ဖိလစ်ပိုင် ပုဂ္ဂလိက သွင်းကုန်လုပ်ငန်း(၁၈၀)တို့သည် ဆန်တန်ချိန် (၁,၁၈၅,၇၆၄)သန်းခန့်ကို ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာနှင့် တရုတ် နိုင်ငံတို့ထံမှ တင်သွင်းသွားမည်ဖြစ်သည်ဟု သိရှိရပါသည်။

၂၀၁၈ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ထုတ်လုပ်မှုမှာ တန်ချိန်(၁၂.၂၃)သန်းခန့် ရှိခဲ့ပြီး ယခု ၂၀၁၉ခုနှစ်တွင်မူ တန်ချိန်(၁၂.၁၅)သန်းခန့်သာရှိနိုင်ပြီး ပြည်တွင်းစားသုံးမှု ပမာဏမှာ (၁၃.၆၅)သန်းတန်ခန့်ရှိသည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.philstar.com

ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပသို့ ဆန်ပိုမိုတိုးမြှင့်တင်ပို့နိုင်မည့် နည်းလမ်းများအား ရှာဖွေ လုပ်ဆောင်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားခဲ့မှု

ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပသို့ ဆန်ပိုမိုတိုးမြှင့်တင်ပို့နိုင်မည့် နည်းလမ်းများအား ရှာဖွေ လုပ်ဆောင်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားခဲ့မှု

ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပသို့ဆန်တင်ပို့မှုများ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် နိုင်ငံ အတွင်း ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ကျစေရန်နှင့် စျေးကွက်အတွင်းပိုမိုယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန် အစရှိသည့် နည်းလမ်းများကို ရှာဖွေလုပ်ဆောင်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံ ကန်ဒန်ပြည်နယ်၌ ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် အထည်ချုပ် စက်ရုံလုပ်သားများနှင့်တွေ့ဆုံပွဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားရာ၌ ယခင်ကာလများအတွင်း ပြည်တွင်း၌ ဆန်လိုအပ်ချက်များရှိခဲ့သည့်ကမ္ဘောဒီးယားနိုင်ငံသည် ယခုအခါ ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆန်စိုက်ပျိုးထုတ်လုပ်မှုများကို တိုးမြှင့်ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ သို့သော် ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့သည် ဆန်စပါးစိုက်ပျိုးရိတ်သိမ်းရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးထိန်းသိမ်းနိုင်စွမ်းရှိပြီး အခြောက်ခံခြင်း၊ သိုလှောင်ခြင်း တို့အတွက် နေရာဖန်တီးနိုင်စွမ်းရှိသည့်အပြင် ထုတ်လုပ်မှုကုန်ကျစရိတ်များမှာလည်း ကမ္ဘောဒီးယား နိုင်ငံထက် လျော့နည်းသက်သာလျက်ရှိသည်ဖြစ်ရာ ကမ္ဘာ့ဆန်စျေးကွက်အတွင်း ထိုင်းဆန်နှင့် ဗီယက်နမ်ဆန်များအနေဖြင့် ကောင်းစွာထိုးဖောက်ယှဉ်ပြိုင်နိုင်သည့် အနေအထားတွင်ရှိကြောင်း၊ ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်လည်း ပြည်ပသို့ တစ်နှစ်လျှင် ဆန်တန်ချိန်(၁)သန်း တင်ပို့မည်ဟူသော နှစ်စဉ်လျာထားချက်အား ပြည်မီအောင် တင်ပို့နိုင်ရန် ခက်ခဲလျက်ရှိရာ ဆန်ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေရန်အတွက် လောင်စာဆီသုံး စက်များနေရာ၌ လျှပ်စစ်ဓါတ်အားသုံးစက်များဖြင့် အစားထိုးသွားမည်ဖြစ်ပြီး ဆန်စပါးစိုက်ပျိုးရာ ဒေသများသို့ လျှပ်စစ်ဓါတ်အား ရောက်ရှိစေရေးနှင့် ရေပေးဝေနိုင်ရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းရှိ ဓါတ်မြေသြဇာထုတ်လုပ်သူများအနေဖြင့်လည်း ကုန်ကျစရိတ်နည်းပါးသည့် ဓါတ်မြေသြဇာများ ထုတ်လုပ်နိုင်မည့် နည်းလမ်းများကို စူးစမ်း ရှာဖွေကြစေလိုကြောင်း၊ ကမ္ဘောဒီးယားဆန်မှာ အရည်အသွေးမြင့်မားပြီး ကမ္ဘာ့အသိအမှတ်ပြု ဆန်ဖြစ်သည့် အားလျော်စွာ ပြည်ပသို့ ကုန်စည်တင်ပို့ခြင်းနှင့်သက်ဆိုင်သည့် ပြည်တွင်းဝန်ကြီးဌာန ဝန်ကြီးများအနေဖြင့်လည်း ပြည်ပသို့ ဆန်တိုးမြှင့်တင်ပို့နိုင်ရန် စျေးကွက်ရှာဖွေခြင်း၊ ချဲ့ထွင်ခြင်းများကို လုပ်ဆောင်သွားရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဗုန်ဘွန်းဟန်ကလည်း ဝန်ကြီးချုပ် ဟွန်ဆန်၏ ပြောကြားချက်များကို ကြိုဆိုကြောင်းနှင့် ထုတ်လုပ်ကုန်ကျစရိတ် လျှော့ချရေးလုပ်ဆောင်ချက်ကို ကောင်းစွာအကောင်အထည် ဖော်နိုင်ပါက ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် နှစ်စဉ်လျာထားချက် ဆန်တန်ချိန် (၁)သန်းကို ပြည့်မီအောင် တင်ပို့နိုင်မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.phnompenpost.com