အိုပက်အဖွဲ့၏ ရေနံထုတ်လုပ်မှုလျှော့ချခြင်းနှင့် ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံလုပ်ငန်းအရေးယူပိတ်ဆို့ခံရခြင်း စသည့်အခြေအနေများကြောင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၁၈% ခန့် မြင့်တက်ခဲ့မှု

အိုပက်အဖွဲ့၏ ရေနံထုတ်လုပ်မှုလျှော့ချခြင်းနှင့် ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံလုပ်ငန်းအရေးယူပိတ်ဆို့ခံရခြင်း စသည့်အခြေအနေများကြောင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၁၈% ခန့် မြင့်တက်ခဲ့မှု

အိုပက်အဖွဲ့၏ရေနံထုတ်လုပ်မှုလျှော့ချခြင်းနှင့် ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံလုပ်ငန်းအား အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုချမှတ်ခဲ့ခြင်းအပါအဝင် အခြားသောအခြေအနေများကြောင့် ရေနံဈေးနှုန်းများမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ၁၈% ဝန်းကျင်ခန့်မြင့်တက်ခဲ့သည်ဟု သိရှိရကြောင်း၊ အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့်အဖွဲ့ဝင်မဟုတ်သောနိုင်ငံများသည် တစ်နေ့လျှင်ရေနံစည်ပေါင်း (၁.၂) သန်း လျှော့ချထုတ်လုပ်ရေးသဘောတူညီချက်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) နေ့မှ စ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါသဘောတူညီချက်အရ အိုပက်အဖွဲ့အနေဖြင့် တစ်နေ့လျှင်ရေနံစည်ပေါင်း (၈) သိန်းလျှော့ချထုတ်လုပ်ရမည်ဖြစ်ပြီး လွန်ခဲ့သည့်ဇန်နဝါရီလအတွင်း၌ အိုပက်အဖွဲ့၏နေ့စဉ်ရေနံလျှော့ချထုတ်လုပ်မှုပမာဏမှာ စည်ပေါင်း (၈.၉) သိန်းခန့်အထိရှိခဲ့ကြောင်း၊ အလားတူ ဆော်ဒီအာရေဗျနိုင်ငံသည်လည်း အမေရိကန်ပြည်ထောင်စုသို့ နေ့စဉ်ရေနံတင်ပို့မှုပမာဏကိုလျှော့ချကာ တစ်နေ့လျှင်စည်ပေါင်း (၄၄၂,၀၀၀) ခန့်သာတင်ပို့ခဲ့ ကြောင်း၊ ထို့ပြင်အမေရိကန်ဗဟိုဘဏ်သည် ဘဏ်တိုးနှုန်းအား လက်ရှိနှုန်းထား၌သာ ဆက်လက်ထားရှိရန်ဆုံးဖြတ်ခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းသွားခဲ့ရာ အမေရိကန်ဒေါ်လာဖြင့် ပေးချေရသောရေနံဈေးနှုန်းများမှာ ဈေးသက်သာသည့် အနေအထားသို့ ရောက်ရှိခဲ့သည့်အတွက် ဝယ်လိုအားမြင့်တက်ခဲ့မှုနှင့်အတူ ရေနံဈေးနှုန်းများပါ လိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့အမေရိကန်အစိုးရ၏ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံလုပ်ငန်းအား အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုသို့ ဗင်နီဇွဲလားရေနံဝင် ရောက်မှုမှာ တစ်နေ့လျှင်စည်ပေါင်း(၅) သိန်းခန့် လျော့ကျသွားဖွယ်ရှိသည့် အခြေအနေများကြောင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၁၈% ဝန်းကျင်ခန့် မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟုသိရှိရပါသည်။

ထို့ပြင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံတစ်ဝန်း ရေနံတူးဖော်ရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည့် Baker Hughes ကုမ္ပဏီကထုတ်ပြန်သည့်အစီရင်ခံစာ၌ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း နိုင်ငံတစ်ဝန်း ရေနံတူးစင်အရေအတွက်မှာ တူးစင် (၁၅) စင်ပိတ်သိမ်းသွားပြီး  စုစုပေါင်းတူးစင်အရေအတွက်မှာ (၈၄၇) စင်သာကျန်ရှိတော့သည်ဟု ဖော်ပြထားခြင်းသည်လည်း ရေနံဈေးနှုန်းများကိုမြင့်တက်စေသည့် အခြားသောအချက်တစ်ခုဖြစ်ကြောင်း၊ အဆိုပါ တူးစင်အရေအတွက်မှာ  ၂၀၁၈ ခုနှစ်၊ မေလနောက် ပိုင်း(၈) လတာကာလအတွင်း တူးစင်အရေအတွက် အနည်းဆုံးပင်ဖြစ်ကြောင်း၊၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက် (တနင်္လာနေ့) တွင် နယူး ယောက်ဈေးကွက်၌ မတ်လအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၅.၆၃)​ ဒေါ်လာ၌လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှု​ဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၃.၃၇) ဒေါ်လာ၌လည်း ကောင်းအသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ပြင်အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အမေရိကန်ဘဏ္ဍာရေးစနစ်နှင့် ချိတ်ဆက်ကာ ဗင်နီဇွဲလားရေနံများကို ဝယ်ယူလျက်ရှိသည့် အခြားသောရေနံလုပ်ငန်းများအား ၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၈) ရက် နောက်ဆုံးထားကာ ဗင်နီဇွဲလားရေနံဝယ်ယူမှုကို လျှော့ချပစ်ရမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်ဟုသိရှိရကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.oilprice.com

ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့(ISI)၏ ကျောထောက်နောက်ခံပြုမှုဖြင့် ဘဏ္ဍာငွေများရရှိရန် ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့(ARSA)၏ အိန္ဒိယနိုင်ငံအတွင်းသို့ စိတ်ကြွမူးယစ်ဆေးပြားများ မှောင်ခိုတင်သွင်းနေမှုများအပေါ် အိန္ဒိယအစိုးရကစိုးရိမ်ပူပန်လျက်ရှိမှု

ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့(ISI) ၏ ကျောထောက်နောက်ခံပြုမှုဖြင့် ဘဏ္ဍာငွေများရရှိရန် ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့(ARSA) ၏ အိန္ဒိယနိုင်ငံအတွင်းသို့ စိတ်ကြွမူးယစ်ဆေးပြားများ မှောင်ခိုတင်သွင်းနေမှုများအပေါ် အိန္ဒိယအစိုးရကစိုးရိမ်ပူပန်လျက်ရှိမှု

အိန္ဒိယအစိုးရသည် နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးတင်သွင်းမှုပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပြီး ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့ (ARSA) ၏ဘဏ္ဍာငွေစုဆောင်းရရှိနိုင်ရေးအတွက် ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ Inter-Services Intelligence (ISI) ၏ ကျောထောက်နောက်ခံပေးမှုဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ Jamaat-ul-Mujahideen Bangladesh (JMB) အဖွဲ့သည် အဆိုပါဘင်္ဂါလီမွတ်စလင်များအားအသုံးချကာ အိန္ဒိယနိုင်ငံအတွင်းသို့ စိတ်ကြွ မူးယစ်ဆေးပြားတင်သွင်းမှုများပြုလုပ်လျက်ရှိသည်ဟု သိရှိရပါသည်။

မကြာသေးမီကာလများအတွင်းမှစတင်၍အိန္ဒိယနိုင်ငံအတွင်းသို့ စိတ်ကြွမူးယစ်ဆေးပြား မှောင်ခိုတင်သွင်းမှုများ အဆမတန်မြင့်တက်လာခဲ့ပြီး အဆိုပါအခြေအနေများနှင့်ပတ်သက်၍ အိန္ဒိယအာဏာပိုင်များသည် ပြည်ထဲရေးဝန်ကြီးဌာနထံသို့အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ စိတ်ကြွဆေးပြားများသည်ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနယ်စပ်တစ်လျှောက်ရှိ နေရာအနှံ့အပြားမှတစ်ဆင့် အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်နေကြခြင်းဖြစ်ပြီး ဘင်္ဂါလီများမှတစ်ဆင့်သယ်ဆောင်ကာ ဈေးကွက်အတွင်းသို့ ဖြန့်ဝေနေကြခြင်းဖြစ်ကြောင်း၊ အိန္ဒိယထောက်လှမ်းရေးအဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေးမှုများအရနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုများနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံ၏ ပါဝင်မှုအခန်းကဏ္ဍကိုပါ အထင်အရှားတွေ့ရှိခဲ့ပြီး ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့(ARSA) ၏ လက်နက် ဝယ်ယူရေးအတွက် လိုအပ်သောငွေကြေးများရရှိစေရန် ISI နှင့် JMB တို့က ကျောထောက်နောက်ခံပြုကာ လုပ်ဆောင်နေကြခြင်းဖြစ်သည်ကိုသိရှိခဲ့ကြောင်း၊ ARSA အဖွဲ့၏ ရန်ပုံငွေတိုးမြှင့် စုဆောင်းနိုင်ရေးအတွက် ယခင်ကအိန္ဒိယနိုင်ငံသုံးငွေစက္ကူအတုများကို ပြုလုပ်ခဲ့ရာမှ ယခုအခါ စိတ်ကြွဆေးပြားမှောင်ခိုတင်သွင်းမှုများပြုလုပ်လာကြသောကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ကြီးမား သည့်ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်ဟုသိရှိရကြောင်း၊ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်ရုံ း(UNODC) ကလည်း ISI နှင့် JMB တို့၏ အကူအညီ ဖြင့် ဘင်္ဂါလီများသည်စိတ်ကြွဆေးပြားများအား မြန်မာနိုင်ငံအတွင်းမှ သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများသို့ ရောက်ရှိစေခဲ့ခြင်းဖြစ်ကြောင်း၊ မူးယစ် ဆေးဝါးမှောင်ခိုတင်သွင်းမှုများသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားကာလအတွင်းမှစတင်များပြားလာခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်ထိပျံ့နှံ့စွာဖြစ်ပေါ်လျက်ရှိပြီး အိန္ဒိယမူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့မှစိတ်ကြွဆေးဝါးအများအပြားသိမ်းဆည်းရမိသည့်ဖြစ်စဉ် အများအပြားရှိခဲ့ကြောင်း၊ အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း အဆိုပါစိတ်ကြွဆေးပြားမှောင်ခိုတင်သွင်းမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်နေထိုင်လျက်ရှိကြသည့် ဘင်္ဂါလီမွတ်စလင်များအပေါ် အထူးစိုးရိမ်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့စိတ်ကြွဆေးပြားမှောင်ခိုတင်သွင်းမှုများဖြင့် ဘင်္ဂါလီဦးရေ(၇၀) နီးပါးခန့်အားလည်း ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်ဟု သိရှိရပါသည်။

အိန္ဒိယနိုင်ငံအတွင်းသို့ရောက်ရှိလာသည့်မူးယစ်ဆေးဝါးများသည် အိန္ဒိယနိုင်ငံ၏မြို့ကြီး များဖြစ်သည့် မွန်ဘိုင်း၊ ကာလက္ကတ္တားနှင့် ဘန်ဂါလူရူသို့အဓိကရောက်ရှိလျက်ရှိကြောင်း၊ အိန္ဒိယ နိုင်ငံအတွင်းသို့ နှစ်စဉ်မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရာမှရရှိသည့်ပျမ်းမျှဝင်ငွေသည် ရူပီး(၆၀) ကုဋေ (အမေရိကန်ဒေါ်လာ ၈.၄ သိန်းခန့်) မှ ရူပီး(၇၀) ကုဋေ (အမေရိကန်ဒေါ်လာ ၉.၈ သိန်းခန့်) အကြားရရှိလျက်ရှိပြီးရရှိသည့် ငွေကြေးများအနက်မှအများစုမှာ ARSA အဖွဲ့ထံသို့ ရောက်ရှိ လျက်ရှိရာ ARSA အဖွဲ့အနေဖြင့်အဆိုပါငွေကြေးများအားအသုံးပြုကာလက်နက်ခဲယမ်းဝယ်ယူမှုများနှင့် အဖွဲ့ဝင်အင်အားသစ်စုဆောင်းခြင်းများအတွက် အသုံးပြုနေကြခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ထို့ပြင်အိန္ဒိယအာဏာပိုင်များသည် အိန္ဒိယနိုင်ငံအတွင်း ဒုက္ခသည်များအဖြစ် ခိုလှုံနေထိုင်လျက်ရှိသည့် ဘင်္ဂါလီများနှင့်ပတ်သက်၍ ၎င်းတို့ကာလကြာရှည်စွာ နေထိုင်ဖွယ်ရှိသည့် အနေအထားကြောင့် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးနှင့်ပတ်သက်၍ အထူးစိုးရိမ်ပူပန်လျက်ရှိကြကြောင်း၊ အဆိုပါ ဘင်္ဂါလီမွတ်စလင်များအား အကြမ်းဖက်အဖွဲ့အစည်းများမှ အချိန်မရွေးလူသူစုဆောင်းလာနိုင်ကြသည့်အတွက် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးရှုထောင့်အရ၎င်းတို့အနေဖြင့်အမြဲသတိထားစောင့်ကြည့်ရမည့် ခြိမ်းခြောက်မှုတစ်ခုကဲ့သို့ ဖြစ်လာလျက်ရှိကြောင်း၊ ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ Jamaat-ul-Mujahideen Bangladesh (JMB) နှင့် ၂၀၀၈ ခုနှစ်၊ မွန်ဘိုင်းတိုက်ခိုက်မှုဖြစ်စဉ်အားလုပ်ဆောင်ခဲ့သူ ပါကစ္စတန်နိုင်ငံအခြေစိုက် အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ Lashkar-e-Taiba တို့နှင့်ပူးပေါင်းကာ အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများပြုလုပ်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ၂၀၁၈ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် အဆိုပါဘင်္ဂါလီမွတ်စလင်များအား JMB အကြမ်းဖက်အဖွဲ့၏ ညွှန်ကြားချက်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို အိန္ဒိယနိုင်ငံအမျိုးသားစုံစမ်းစစ်ဆေးရေးအဖွဲ့ (NIA) က အတိအလင်း ထုတ်ပြန်ကြေညာထားသည်ဟုသိရှိရပါသည်။

ရည်ညွှန်း www.oneindia.com

အီရန်နှင့်ဆွစ်ဇာလန်နိုင်ငံတို့သည် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲ၍ ငွေပေးချေမှုစနစ်တစ်ခုကို ဖန်တီးအကောင်အထည်ဖော်သွားရန် စီစဉ်ထားမှု

အီရန်နှင့်ဆွစ်ဇာလန်နိုင်ငံတို့သည် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲ၍ ငွေပေးချေမှုစနစ်တစ်ခုကို ဖန်တီးအကောင်အထည်ဖော်သွားရန် စီစဉ်ထားမှု

အီရန်နှင့်ဆွစ်ဇာလန်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးအခြေအနေအား ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ ကုန်သွယ်ရေးငွေပေးချေမှု၌ ဘဏ္ဍာရေးဆိုင်ရာအထူးလုပ်ထုံးလုပ်နည်းတစ်ရပ် ကိုဖန်တီးအကောင်အထည်ဖော်သွားရန်အသင့်အနေအထားရှိသည်ဟု နှစ်နိုင်ငံပူးတွဲကုန်သည်ကြီးများအသင်းဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အီရန်နိုင်ငံပိုင်မီဒီယာလုပ်ငန်း IRNA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဆွစ်ဇာလန်- အီရန် ပူးတွဲကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ရှာရစ်ဖ်နီဇမ်မာဖီက ယခုရက်ပိုင်း အတွင်းပြောကြားရာ၌လက်ရှိအချိန်တွင် အီရန်နိုင်ငံသည် အာရှနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ ရေနံတင်ပို့လျက်ရှိသည့်အတွက် ရေနံကုန်သွယ်မှုဆိုင်ရာ ငွေပေးချေလွှဲပြောင်းမှုများ အဆင်ပြေချောမွေ့စေရန်အတွက် ဘဏ်များအချင်းချင်း ငွေစာရင်းရှင်းလင်းမှုများ ဆောင်ရွက်မည့်စာရင်းရှင်းရုံး(clearing house) တစ်ခုကိုထားရှိဆောင်ရွက်လျက်ရှိကြောင်း၊ အီရန်နိုင်ငံအနေဖြင့် အာရှသို့သာမက ဥရောပနိုင်ငံများသို့ ရေနံတင်ပို့မှုများပြုလုပ်မည်ဆိုပါက ဆွစ်ဇာလန်နိုင်ငံအနေဖြင့် ငွေပေးချေမှုဆိုင်ရာ ဘဏ္ဍာရေးစနစ်တစ်ခုကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထိုဘဏ္ဍာရေးစနစ်ကို အသုံးပြုသွားရန်အတွက်ဆွစ်ဇာလန်အစိုးရအနေဖြင့် clearing house ဆိုင်ရာလုပ်ငန်းလုပ်ဆောင်မည့်ဘဏ်တစ်ခုကို ရွေးချယ်သတ်မှတ်ထားပြီးဖြစ်သည်ဟု သိရှိရပါသည်။

အမေရိကန်အစိုးရသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း အီရန်နိုင်ငံ၏ ဘဏ္ဍာရေးနှင့် ရေနံတင်ပို့မှုများအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ပြီး အခြားသောနိုင်ငံများအနေဖြင့်လည်း အီရန်နိုင်ငံနှင့် စီးပွားဆက်ဆံရေးများလျှော့ချရပ်ဆိုင်းကြရန် ခြိမ်းခြောက်တောင်းဆိုမှုများပြုလုပ်ထားသည့်အတွက် အီရန်နိုင်ငံနှင့်ကုန်သွယ်ရေးငွေပေးချေမှုများတွင် အခက်အခဲများဖြစ်ပေါ်လာခဲ့ရာ ဆွစ်ဇာလန်နိုင်ငံသည် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကိုရှောင်လွှဲနိုင်ရန် ရည်ရွယ်၍ ငွေပေးချေမှုစနစ်တစ်ခုကိုတစိုက်မတ်မတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.rt.com

အမေရိကန်ပြည်ထောင်စု၌ အလုပ်အကိုင်ရရှိမှုမြင့်တက်ခဲ့ခြင်းနှင့် ကုန်ထုတ်လုပ်မှုပမာဏမြင့်တက်ခဲ့ ခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်ကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာလည်း အနည်းငယ်ကျဆင်းခဲ့မှု

အမေရိကန်ပြည်ထောင်စု၌ အလုပ်အကိုင်ရရှိမှုမြင့်တက်ခဲ့ခြင်းနှင့် ကုန်ထုတ်လုပ်မှုပမာဏမြင့်တက်ခဲ့ ခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်ကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာလည်း အနည်းငယ်ကျဆင်းခဲ့မှု

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက် (သောကြာနေ့) တွင် အမေရိကန်ပြည်ထောင်စု၊ အလုပ်သမားဝန်ကြီးဌာနနှင့် နိုင်ငံတစ်ဝန်းစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ စာရင်းအချက်အလက်ထုတ်ပြန်ပေးသော ပုဂ္ဂလိကလုပ်ငန်းကြီးတစ်ခုဖြစ်သည့် Institute of Supply Management (ISM) ဌာနကထုတ်ပြန်သည့်အစီရင်ခံစာများထွက်ပေါ်ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု၊ အလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း အမေရိကန်နိုင်ငံတစ်ဝန်းအလုပ်အကိုင်ရရှိမှုပမာဏမှာ (၃၀၄၀၀၀) ဦးခန့်ရှိခဲ့ရာ မျှော်မှန်းထားသည့်ပမာဏထက်များစွာ ကျော်လွန်ကာ (၁၁) လတာကာလအတွင်း အမြင့်ဆုံးအနေအထားသို့ရောက်ရှိခဲ့သည်ဟု ဖော်ပြထားကြောင်း၊ အလားတူ ISMကထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝန်းကုန်ထုတ်လုပ်ရေးကဏ္ဍတိုးတက်မှုအညွှန်းကိန်းမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင်ဖြစ်ပေါ်ခဲ့သည့် ထုတ်လုပ်မှုအညွှန်းကိန်းနှင့်နှိုင်းယှဉ်ပါက (၂.၃) မှတ်မြင့်တက်ကာ တိုးတက်မှုအညွှန်းကိန်းအဆင့် (၅၆.၆) မှတ်သို့ရောက်ရှိခဲ့သည်ဟု ဖော်ပြထားကြောင်း၊ ယင်းအစီရင်ခံစာများထွက်ပေါ်ပြီးနောက် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအခြေအနေမှာစံချိန်တင် government shutdown ကို ကြုံတွေ့ခံစားခဲ့ရသည့်တိုင် အလွန်အမင်းဆုတ်ယုတ်မှုများမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟူသော အကောင်းမြင်သုံးသပ်ချက်များနှင့်အတူရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာဝယ်ယူစုဆောင်းမှုများကိုလည်း ပြုလုပ် လာကြသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၀.၆% ခန့်ပြန်လည်မြင့်တက်ခဲ့ပြီး ကမ္ဘာ့ရွှေ ဈေးနှုန်းမှာအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၉) ရက်နှင့် (၃၀) ရက်နေ့တို့တွင် ကျင်းပခဲ့သည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးတွင် ဘဏ်တိုးနှုန်းအား လက်ရှိသတ်မှတ်ထားသည့် ၂.၅၀% ၌သာ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဇန်နဝါရီလ (၃၁) ရက်(ကြာသပတေးနေ့) ၌ (၉) လတာကာလအတွင်း အမြင့်ဆုံးအနေအထား (တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၂၆.၃၀) သို့ရောက်ရှိခဲ့ရာမှ ဇန်နဝါရီလ (၂) ရက်(စနေနေ့) တွင်မူ နယူးယောက်ဈေးကွက်၌ ဧပြီလအတွက်ရွှေကြိုတင်ရောင်းဝယ်မှုဈေးနှုန်း မှာ ၀.၂% ကျဆင်းကာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၂၂.၁၀) ဒေါ်လာဖြင့် ဈေးပိတ်သွားခဲ့ကြောင်းဖြင့် reuters သတင်းဌာနမှထုတ်လွှင့်သွားကြောင်း သိရှိရပါသည်။

အမေရိကန်အစိုးရ၏ ဗင်နီဇွဲလားရေနံလုပ်ငန်းအပေါ် အရေးယူပိတ်ဆို့မှုများကြောင့် ဗင်နီဇွဲလားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများအပြားပြုလုပ်ထားသည့် တရုတ်နိုင်ငံအတွက်ထိခိုက်မှုများနှင့် ကြုံတွေ့ရလျက်ရှိမှု

အမေရိကန်အစိုးရ၏ ဗင်နီဇွဲလားရေနံလုပ်ငန်းအပေါ် အရေးယူပိတ်ဆို့မှုများကြောင့် ဗင်နီဇွဲလားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများအပြားပြုလုပ်ထားသည့် တရုတ်နိုင်ငံအတွက် ထိခိုက်မှုများနှင့် ကြုံတွေ့ရလျက်ရှိမှု

အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံလုပ်ငန်း PDVSA အပေါ်လွန်ခဲ့သောရက်ပိုင်းအတွင်းက အရေးယူပိတ်ဆို့မှုများစတင်ချမှတ်ခဲ့သောကြောင့် ဗင်နီဇွဲလားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများအပြားပြုလုပ်ထားသည့် တရုတ်နိုင်ငံအတွက် ထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရလျက်ရှိကြောင်း  သိရှိရပါသည်။

ဗင်နီဇွဲလားနိုင်ငံပိုင် PDVSA ရေနံလုပ်ငန်းအား အမေရိကန်အစိုးရ၏အရေးယူပိတ်ဆို့မှုများကြောင့် ဗင်နီဇွဲလားနိုင်ငံသည် ယခု ၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေအမေရိကန်ဒေါ်လာ (၇) ဘီလီယံခန့် ဆုံးရှုံးနစ်နာသွားနိုင်ပြီးလာမည့် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံ အထိဝင်ငွေရရှိမှုပိုမိုဆုံးရှုံးသွားနိုင်ကြောင်း၊ ဗင်နီဇွဲလားနိုင်ငံ၏ ရေနံရောင်းချမှုများမှရရှိသည့် ဝင်ငွေလျော့နည်းဆုံးရှုံးသွားသည်နှင့်အမျှ ဗင်နီဇွဲလားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်မြီရှင်နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံ၏ ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုများမှာ ဆုံးရှုံးရမည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရတော့မည့်အခြေအနေသို့ ရောက်ရှိစေခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် လွန်ခဲ့သည့်ဆယ်စုနှစ်မှ လက်ရှိအချိန်အထိ ဗင်နီဇွဲလားနိုင်ငံအား အမေရိကန်ဒေါ်လာ (၅၀) ဘီလီယံခန့်ချေးငွေထောက်ပံ့မှုများ ပေးအပ်ထားသည့်အပြင်အခြားသော ရင်းနှီးမြှုပ်နှံမှုအများအပြားလည်း ဗင်နီဇွဲလားနိုင်ငံ၌ ပြုလုပ်ထားကြောင်း၊ အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများနှင့် ထိပ်တိုက်ကြုံတွေ့ရမည့် အခြေအနေကိုရှောင်ရှားလိုသည့် အခြားနိုင်ငံများသည် ၎င်းတို့၏စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ဗင်နီဇွဲလား နိုင်ငံအတွင်းမှထုတ်ဖယ်လျက်ရှိချိန်တွင် တရုတ်နိုင်ငံသည် ၎င်း၏ရင်းနှီးမြှုနှံမှုများကို ဗင်နီဇွဲလားနိုင်ငံ၌ ပိုမိုပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဗင်နီဇွဲလားနိုင်ငံသည် တရုတ်နိုင်ငံသို့ရေနံတင်ပို့မှုဖြင့် ကြွေးမြီများကိုတစ်ဖြည်းဖြည်းဖြင့် ပြန်လည်ပေးဆပ်မှုများပြုလုပ်လျက်ရှိကြောင်း၊ သို့သော်ဗင်နီဇွဲလားနိုင်ငံ၏ ရေနံထုတ်လုပ်မှုပမာဏမှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် တစ်နေ့လျှင်စည်ပေါင်း (၁.၇၆၉) သန်းခန့် ရှိခဲ့ရာမှ ၂၀၁၈ နှစ်ကုန် ဒီဇင်ဘာလတွင် စည်ပေါင်း (၁.၅၁၁) သန်းခန့်သာရှိခဲ့ပြီး ထုတ်လုပ်မှု လျော့နည်းကျဆင်းလျက်ရှိရာ ဗင်နီဇွဲလားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ကြွေးမြီပေးဆပ်နိုင်ရေးအတွက် အားထုတ်ရုန်းကန်နေရသည့် အနေအထားသို့ ရောက်ရှိလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ဗင်နီဇွဲလားနိုင်ငံသည် တရုတ်နိုင်ငံသို့ ပြန်လည်ပေးဆပ်ရန်ကျန်ရှိနေသေးသည့် ကြွေးမြီပမာဏမှာ အမေရိကန်ဒေါ်လာ (၂၀) ဘီလီယံခန့်ရှိကြောင်း၊ သို့ဖြစ်ရာ တရုတ်နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံရေး၌ ပြည်ပဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်ပြောကြားမှုများပြုလုပ်ခဲ့ပြီး အမေရိကန်အစိုးရ၏ဗင်နီဇွဲလားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများနှင့်ပတ်သက်၍ အမေရိကန်အစိုးရအနေဖြင့် တာဝန်ခံမှု/ တာဝန်ယူမှုရှိရမည်ဟူ၍ ထုတ်ဖော်ပြောကြားထားသည်ဟု သိရှိရပါသည်။

ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံလုပ်ငန်းအပေါ် ချမှတ်ခဲ့သည့်အရေးယူပိတ်ဆို့မှုများကြောင့် ဆုံးရှုံးရမည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နိုင်ခြေရှိသည့်နိုင်ငံများတွင် တရုတ်နိုင်ငံသာမက ရုရှားနှင့်အိန္ဒိယနိုင်ငံတို့လည်း ပါဝင်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံ၌ ကာကွယ်ရေး၊ စိုက်ပျိုးရေးနှင့် စွမ်းအင်ကဏ္ဍများတွင် အမေရိကန်ဒေါ်လာ (၄.၁) ဘီလီယံထက်မနည်းသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံသည်လည်း ဗင်နီဇွဲလားနိုင်ငံထံမှ နေ့စဉ်ရေနံစည်ပေါင်း (၄) သိန်းခန့်တင်သွင်းရလျက်ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.rt.com

ထိုင်းနိုင်ငံ၌ TV 9 သတင်းဌာနမှ “ဘန်ကောက် မြို့တော်တွင် PN 2.5 လေထုညစ်ညမ်းခြင်း ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး သက်ဆိုင်ရာအဖွဲ့များမှ ပပျောက်အောင်လုပ်ဆောင်နေသော်လည်း ယနေ့ထိ လျော့နည်းခြင်းမရှိသေးကြောင်း” ဖြင့် ထုတ်လွှင့်သွားမှု

ထိုင်းနိုင်ငံ၌ TV 9 သတင်းဌာနမှဘန်ကောက် မြို့တော်တွင် PN 2.5 လေထုညစ်ညမ်းခြင်း ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး သက်ဆိုင်ရာအဖွဲ့များမှ ပပျောက်အောင်လုပ်ဆောင်နေသော်လည်း ယနေ့ထိလျော့နည်းခြင်းမရှိသေးကြောင်း” ဖြင့် ထုတ်လွှင့်သွားမှု

၂၀၁၉  ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် ထိုင်းစံတော်ချိန် ၁၃ ၀၀ အချိန်တွင် ထိုင်းနိုင်ငံ  TV 9 သတင်းဌာနမှ “ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် PN 2.5 လေထုညစ်ညမ်းခြင်း ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါလေထုညစ်ညမ်းခြင်းကို သက်ဆိုင်ရာအဖွဲ့များမှ ပပျောက်အောင် လုပ်ဆောင်နေသော်လည်း ယနေ့ထိလျော့နည်းခြင်းမရှိသေးကြောင်း၊ ဘန်ကောက်မြို့တော်တွင် မြို့နယ်ပေါင်း (၃၀) ကျော်သို့  ပြန့်နှံ့သွားသည်ကိုတွေ့ရှိရပြီး ယနေ့ထိလေထုညစ်ညမ်းခြင်းကို ပပျောက်အောင်လုပ်ဆောင်နိုင်ခြင်းမရှိသေးသဖြင့် မကြာခင်ရောက်ရှိလာမည့် တရုတ်နှစ်သစ်ကူးရက်များတွင် ဖယောင်းတိုင်၊ အမွှေးတိုင်ထွန်းခြင်း၊ ငွေစက္ကူ၊ ရွှေစက္ကူမီးရှို့ကိုးကွယ်ခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြ၍ လေထုညစ်ညမ်းခြင်းကို ပိုမိုဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ဘန်ကောက်မြို့တော်ဝန် ရဲဗိုလ်ချုပ်ကြီးဟောင်း အာစဝင်စီမှိန်က သက်ဆိုင်ရာနယ်မြေသို့ကွင်းဆင်း၍ လေထုညစ်ညမ်းမှုပပျောက်ရေးလုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်ရန် မှာကြားထားကြောင်း၊   ဖေဖော်ဝါရီလ (၂) ရက်တွင် အစိုးရအဖွဲ့နှင့် မြို့တော်ဝန်တို့ပူးပေါင်း၍ ဘန်ကောက်မြို့တော်တွင်းရှိ တိုက်အမြင့် စုစုပေါင်း (၃၀၀၀) လုံးကျော်အပေါ်မှ မီးသတ်ပိုက်များဖြင့်ရေဖျန်းချခြင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနမှ လေယာဉ်ဖြင့်ကောင်းကင်မှ မိုးအတုရွာသွန်းစေရန်ဓာတုပစ္စည်းများဖျန်းချခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာလျှင် လေထုညစ်ညမ်းခြင်းများ သက်သာရာရောက်မည်ဖြစ်ကြောင်း” ဖြင့် ထုတ်လွှင့်သွားကြောင်း သိရှိရပါသည်။

ရည်ညွှန်း ထိုင်းနိုင်ငံ၊ TV 9 သတင်းဌာန

ထိုင်းဘတ်ငွေတန်ဖိုးအားကောင်းလျက်ရှိခြင်းကြောင့် ထိုင်းနိုင်ငံ၏ပြည်ပသို့ဆန်တင်ပို့မှုပမာဏသည် ယခုနှစ်အတွင်း ၁၄% ခန့်ကျဆင်းဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းက ပြောကြားခဲ့မှု

ထိုင်းဘတ်ငွေတန်ဖိုးအားကောင်းလျက်ရှိခြင်းကြောင့် ထိုင်းနိုင်ငံ၏ပြည်ပသို့ဆန်တင်ပို့မှုပမာဏသည် ယခုနှစ်အတွင်း ၁၄% ခန့်ကျဆင်းဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းက ပြောကြားခဲ့မှု

ထိုင်းနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် ပြည်ပသို့ဆန်တန်ချိန်(၁၁) သန်းတင်ပို့နိုင်ခဲ့ရာ ရည်မှန်းထားသည့် ဆန်တန်ချိန်ပမာဏကို ပြည့်မီအောင်တင်ပို့နိုင်ခဲ့ခြင်းဖြစ်သော်လည်း အဆိုပါကာလမတိုင်မီ လွန်ခဲ့သည့် ၂၀၁၇ခုနှစ်တွင် ပြည်ပသို့တင်ပို့ခဲ့သည့် ဆန်တန်ချိန်ပမာဏ (၁၁.၁၄) သန်းနှင့်နှိုင်းယှဉ်ပါကမူ တင်ပို့နိုင်မှုပမာဏသည် ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ယခု ၂၀၁၉ ခုနှစ်တွင်လည်း ထိုင်းနိုင်ငံ၏ ပြည်ပသို့ ဆန်တင်ပို့မှုပမာဏမှာ ဆက်လက်ကျဆင်းဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံဆန်ပို့ ကုန်လုပ်ငန်းရှင်များအသင်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ချိုကီရက်အိုဖာဝေါင်ဆေးက ယခုရက်ပိုင်းအတွင်း ပြောကြားရာ၌ လက်ရှိ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏမှာ ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားနိုင်သည့် အခြေအနေတွင်ရှိပြီး ကျဆင်းဖွယ်ရှိရခြင်း၏အကြောင်းရင်းမှာ ထိုင်းဘတ်ငွေတန်ဖိုးအားကောင်းခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကုန်အထိကာလအတွင်း ထိုင်းဘတ်ငွေတန်ဖိုးသည် ၃.၄% ခန့်မြင့်တက်ခဲ့ကြောင်း၊ ထိုင်းဆန်သည် ကမ္ဘာ့ဆန်ဈေးကွက်အတွင်း အိန္ဒိယနှင့်ဗီယက်နမ်ဆန်များနှင့် ယှဉ်ပြိုင်နေရသည်ဖြစ်ရာ ထိုင်းဘတ်ငွေတန်ဖိုးအားကောင်းလျက်ရှိခြင်းကြောင့် ထိုင်းဆန်သည် ပြိုင်ဘက်အိန္ဒိယဆန်နှင့် ဗီယက်နမ်ဆန်များအား ယှဉ်ပြိုင်နိုင်စွမ်းနည်းပါးသွားမည် ဖြစ်သောကြောင့် ယခု ၂၀၁၉ ခုနှစ်တွင်လည်း ထိုင်းနိုင်ငံ၏ပြည်ပသို့ ဆန်တင်ပို့မှုပမာဏမှာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၄% ခန့်ထပ်မံကျဆင်းပြီး ဆန်တန်ချိန် (၉.၅) သန်းခန့်သာ တင်ပို့နိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် အိန္ဒိယအစိုးရသည် ပြည်ပသို့ဆန်တိုးမြှင့်တင်ပို့နိုင်ရန် ရည်ရွယ်၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ဘာစမာတီဆန်မဟုတ်သောဆန်များအား ပြည်ပသို့တင်ပို့မှုအတွက် ၅% ထောက်ပံ့ ငွေပေးအပ်လျက်ရှိခြင်းနှင့် ဗီယက်နမ်နိုင်ငံသည် အရည်အသွေးကောင်းသောဆန်များကို ဦးစားပေး တိုးမြှင့်ထုတ်လုပ်ရန်ဆောင်ရွက်နေခြင်းတို့သည် ထိုင်းဆန်အတွက်ဈေးကွက်ဝေစုရရှိရန်ပိုမိုယှဉ်ပြိုင်ရမည့်အနေအထားသို့ရောက်ရှိလျက်ရှိပြီး ပြည်ပသို့တင်ပို့မှုပမာဏကိုကျဆင်းစေနိုင်သည့် အခြားသောအချက်များပင်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် အာရှနှင့် အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့လျက်ရှိရာ ယခု ၂၀၁၉ ခုနှစ်အတွင်း ဖိလစ်ပိုင်နှင့်မလေးရှားနိုင်ငံတို့သည် ထိုင်းဆန်အစား ဗီယက်နမ်ဆန်များကို ပိုမိုဝယ်ယူသွားဖွယ်ရှိသည်ဟု ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.brecorder.com

အိန္ဒိယနိုင်ငံတွင်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံမှချင်းဒုက္ခသည်များအား ပြင်ဆင်ရေးဆွဲထားသည့် အိန္ဒိယနိုင်ငံသားဥပဒေတွင် အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ပေးရန် အိန္ဒိယနိုင်ငံရှိ ချက်ခ်မာ့တိုင်းရင်းသားလူမျိုးစုများ၏ NGO အဖွဲ့များကတောင်းဆိုခဲ့မှု

အိန္ဒိယနိုင်ငံတွင်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံမှ ချင်းဒုက္ခသည်များအား ပြင်ဆင်ရေးဆွဲထားသည့် အိန္ဒိယနိုင်ငံသားဥပဒေတွင် အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ပေးရန် အိန္ဒိယနိုင်ငံရှိ ချက်ခ်မာ့တိုင်းရင်းသားလူမျိုးစုများ၏ NGO အဖွဲ့များကတောင်းဆိုခဲ့မှု

အိန္ဒိယနိုင်ငံရှိ ဒိုင်းနက်မျိုးနွယ်စုဝင် ချက်ခ်မာ့တိုင်းရင်းသားလူမျိုးစုများ၏ NGO အဖွဲ့(၈) ဖွဲ့သည် အိန္ဒိယနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း အတည်ပြုပြဌာန်းရန်စီစဉ်ထားသည့် အိန္ဒိယနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်ပြင်ဆင်ချက်ဥပဒေမူကြမ်းတွင် အိန္ဒိယနိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံမှ ချင်းဒုက္ခသည်(၁.၂) သိန်းတို့အား အိန္ဒိယနိုင်ငံသားအဖြစ်ခွင့်ပြုပေးရန်တောင်းဆိုထားသည့် စာချွန်လွှာတစ်စောင်အား အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနထံသို့ ယခုရက်ပိုင်းအတွင်းပေးပို့ခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၇ ခုနှစ်မှစတင်ကာဖြစ်ပွားခဲ့သော ရခိုင်အရေးပဋိပက္ခများနှင့် လက်ရှိဖြစ်ပွားလျက်ရှိသော မြန်မာ့တပ်မတော်နှင့် AA သောင်းကျန်းသူအဖွဲ့များ၏ တိုက်ပွဲများကြောင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းသို့ ထွက်ပြေးဝင်ရောက်ခဲ့သည့် ချင်းဒုက္ခသည်ဦးရေသည် (၁,၆၀၀) ဦးခန့်ရှိပြီး လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံတွင်နေထိုင်လျက်ရှိသော ချင်းဒုက္ခသည်ဦးရေမှာ (၁၂၀,၀၀၀) ဦးကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ အဆိုပါ ထပ်မံရောက်ရှိလာသည့် ချင်းဒုက္ခသည်များသည် မီဇိုရမ်နှင့်မဏိပူရပြည်နယ်တို့တွင် အဓိကနေထိုင်လျက်ရှိပြီး အဆိုပါဒုက္ခသည် (၁,၆၀၀) ဦးအနက်မှ အချို့ဒုက္ခသည်များသည် နေရပ်ဒေသများသို့ ပြန်လည်သွားရောက်ခဲ့ပြီးဖြစ်သော်လည်း ဒုက္ခသည် (၁,၄၄၀) ဦးဝန်းကျင်ခန့်မှာ ၎င်းတို့၏ လုံခြုံရေးအတွက် နေရပ်ပြန်ရန်ငြင်းဆန်လျက်ရှိကာ အိန္ဒိယနိုင်ငံတွင်ဆက်လက်နေထိုင်လျက်ရှိကြကြောင်း၊ လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံတွင် ချင်းဒုက္ခသည် (၄,၀၀၀) ခန့်သည် နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် ဒုက္ခသည်များအဖြစ် မှတ်ပုံတင်ထားရှိခဲ့ ပြီးဖြစ်သော်လည်း ၎င်းတို့အနေဖြင့်  မြန်မာနိုင်ငံအတွင်း ဒေသတည်ငြိမ်မှုများရှိလာပြီး နေရပ်ပြန်နိုင်ပြီဖြစ်သောကြောင့် နိုင်ငံတကာ၏အကာအကွယ်ပေးမှုများမလိုအပ်သည့်အတွက် ၂၀၁၈ ခုနှစ်၊ ဇွန်လမှစ၍ UNHCR သည် အဆိုပါချင်းဒုက္ခသည်များအပေါ်ဒုက္ခသည်အဖြစ်သတ်မှတ်ပေးမှုများ ကို ပယ်ဖျက်ခဲ့သည်ဟုသိရှိရပါသည်။

အဆိုပါအိန္ဒိယနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်ပြင်ဆင်ချက်ဥပဒေကြမ်းနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံအရှေ့ မြောက်ပိုင်းပြည်နယ်များရှိ လူမှုအဖွဲ့အစည်းများမှ ကန့်ကွက်လျက်ရှိကြပြီး အဆိုပါ ဥပဒေကြမ်းအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့တွင် အိန္ဒိယအောက်လွှတ်တော်၌အတည်ပြုခဲ့ပြီးဖြစ်ကာ အထက်လွှတ်တော်ကဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း၊ အဆိုပါဥပဒေကြမ်းသည် ၁၉၅၅ ခုနှစ်၊ အိန္ဒိယနိုင်ငံသားအက်ဥပဒေအားထပ်မံပြင်ဆင်/ ဖြည့်စွက်ရေးသားခဲ့ခြင်းဖြစ်ပြီး၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီကာလအထိ အိန္ဒိယနိုင်ငံတွင်နေထိုင်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အာဖဂန်နိုင်ငံတို့မှလူနည်းစုများအား နိုင်ငံသားဖြစ်ခွင့်ပေးနိုင်ရေးအတွက် ပြင်ဆင်ဖြည့်စွက်ခဲ့ခြင်းဖြစ်သည်ဟုသိရှိရကြောင်း၊

စာချွန်လွှာပူးတွဲရေးသားခဲ့သည့် ချက်ခ်မာ့တိုင်းရင်းသားလူမျိုးစုများ၏ NGO အဖွဲ့အစည်း များမှာ All India Chakma Students Union(AICSU)၊ All India Chakma Social Forum (AICSF)နှင့် Mizoram Chakma Students Union(MCSU)အပါအဝင် NGO အဖွဲ့(၈)ဖွဲ့တို့က ပူးတွဲရေးသားခဲ့ကြခြင်းဖြစ်ပြီး အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့ရှိ နယ်စပ်တစ်လျှောက်တွင် နေထိုင်လျက်ရှိသည့် ချင်းဒုက္ခသည်များအပါအဝင် အိန္ဒိယနိုင်ငံအတွင်းနေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံမှ ချင်းဒုက္ခသည်များကို အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ပေးရန် မေတ္တာရပ်ခံတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟုသိရှိရကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.deccanherald.com

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ မှတ်ချက်ပြုစကားနှင့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေး ဆုံးဖြတ်ချက်ထွက်ပေါ်ပြီးနောက် တရုတ်ယွမ်ငွေတန်ဖိုးမှာ (၆) လခွဲကျော်ကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ မှတ်ချက်ပြုစကားနှင့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေး ဆုံးဖြတ်ချက်ထွက်ပေါ်ပြီးနောက် တရုတ်ယွမ်ငွေတန်ဖိုးမှာ (၆) လခွဲကျော်ကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

အမေရိကန်အစိုးရသည် ကနေဒါနိုင်ငံတွင် ထိန်းသိမ်းထားသည့် ဟွာဝေးကုမ္ပဏီ၏ဘဏ္ဍာရေးမှူး မန်ဝမ်ကျိုအား စွဲချက် (၁၃) ချက်ဖြင့် တရားစွဲဆိုမှုများပြုလုပ်နေချိန်တွင် အမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုကိုလည်း အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်မှ (၃၁)ရက် အထိ(၂) ရက်ကြာပြုလုပ်လျက်ရှိရာ အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြားမပြေလည်မှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိသော်လည်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးစတီဗင်မြူချင်က အဆိုပါ ဆွေးနွေးပွဲ၌ အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရလဒ်ကောင်းများ ထွက်ပေါ်လာရန်မျှော်လင့်ထားသည်ဟု ဇန်နဝါရီလ(၂၉) ရက်နေ့တွင် ပြောကြားခဲ့ပြီးနောက် ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြား ကုန်သွယ်ရေးပြေလည်မှုရရှိနိုင်သည်ဟူသော ခန့်မှန်းချက်များနှင့်အတူ ကမ္ဘာတစ်ဝန်းစီးပွားရေးအခြေအနေနှင့်တရုတ်နိုင်ငံ၏စီးပွားရေး အခြေအနေများ ယုတ်လျော့သွားဖွယ်မရှိဟူသော ခန့်မှန်းချက်များထွက်ပေါ်လာခဲ့ခြင်းနှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက် (ကြာသပတေးနေ့) တွင် တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဌာနက ထုတ်ပြန်သည့် အစီရင်ခံစာ၌ ယခုဇန်နဝါရီလအတွင်း တရုတ်နိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းကဏ္ဍနှင့်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများ၏ တိုးတက်မှုအညွှန်းကိန်းအဆင့်များမှာ လွန်ခဲ့သည့် ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက(၀.၁) မှတ်နှင့် (၀.၉) မှတ်စီအသီးသီးမြင့်တက်ခဲ့သည်ဟု ဖော်ပြထားရာ တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ဆုတ်ယုတ်နေသည်ဟုမဆိုနိုင်ဘဲ တိုးတက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟူသော အကောင်းမြင်ခန့်မှန်းချက်များထွက်ပေါ်လာခြင်းစသည်တို့ကြောင့် တရုတ်ယွမ်ငွေတန်ဖိုး မှာ ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၉) ရက်နှင့် (၃၀) ရက်နေ့တို့တွင်ကျင်းပခဲ့သည့် အမေရိကန် ဗဟိုဘဏ်အစည်းအဝေးတွင် ဘဏ်တိုးနှုန်းအားလက်ရှိသတ်မှတ်ထားသည့် ၂.၅၀% ၌သာဆက်လက် ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းခဲ့ခြင်းသည်လည်း တရုတ်ယွမ်ငွေတန်ဖိုးကို ဆက်လက်မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း၊ တရုတ်ဗဟိုဘဏ်သည် ရည်ညွှန်းငွေလဲလှယ်မှုနှုန်းထားအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက် (ကြာသပတေးနေ့) တွင် အမေရိကန်တစ်ဒေါ်လာလျှင် (၆.၇၀၂၅) ယွမ်လဲလှယ်မှုနှုန်းသတ်မှတ်ခဲ့ရာ အမေရိကန်ဒေါ်လာ တန်ဖိုးနှင့်နှိုင်းယှဉ်ပါက ၀.၄၇% မြင့်တက်ခဲ့ကြောင်း၊ အလားတူ တရုတ်ပြည်တွင်းငွေကြေးဈေးကွက်၌ လည်း အမေရိကန်တစ်ဒေါ်လာလျှင် (၆.၇၀၂၈) ယွမ် လဲလှယ်မှုနှုန်း၌ဖြစ်ပေါ်ခဲ့ရာ တရုတ်ယွမ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ၀.၁၉% မြင့်တက်ခဲ့ကြောင်း၊ အဆိုပါ လဲလှယ်မှုနှုန်းထားများသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့နောက်ပိုင်း(၆) လခွဲကျော်ကာလအတွင်း တရုတ်ယွမ်ငွေတန်ဖိုးအမြင့်ဆုံးနှုန်းထားပင်ဖြစ်သည်ဟု သိရှိရပါသည်။

ရည်းညွှန်း www.brecorder.com

မြန်မာနိုင်ငံအား အာဆီယံအဖွဲ့တိုက်ရိုက်ကြီးကြပ်မှုဖြင့် ဘင်္ဂါလီဒုက္ခသည်များမကြာမီကာလအတွင်း နေရပ်ပြန်နိုင်ရေးအတွက် ဗီယက်နမ်နိုင်ငံမှတိုက်တွန်းပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကတိုက်တွန်းပြောကြားခဲ့မှု

မြန်မာနိုင်ငံအား အာဆီယံအဖွဲ့၏တိုက်ရိုက်ကြီးကြပ်မှုဖြင့် ဘင်္ဂါလီဒုက္ခသည်များမကြာမီကာလအတွင်း နေရပ်ပြန်နိုင်ရေးအတွက် ဗီယက်နမ်နိုင်ငံမှတိုက်တွန်းပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကတိုက်တွန်း ပြောကြားခဲ့မှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်များ မကြာမီကာလအတွင်း နေရပ်ပြန်နိုင်ရေး အတွက် ၎င်းတို့၏သဘောဆန္ဒအလျောက် လုံခြုံစိတ်ချစွာနေရပ်ပြန်ရေး အစီအစဉ်ဖြစ်ပေါ်စေရန် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့၏တိုက်ရိုက်ကြီးကြပ်မှုဖြင့် လုံခြုံစိတ်ချရသည့်အခြေအနေများဖန်တီးပေးရန်လိုအပ်သည်ဟု ဗီယက်နမ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်(အင်္ဂါနေ့) တွင် ပြောကြားခဲ့သည်ဟုသိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော ဗီယက်နမ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ငုရင်ကျိုးဇောင်နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားရာ၌ မိမိတို့ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်များ၎င်းတို့၏နေရပ်ဒေသများသို့ မကြာမီကာလအတွင်း ၎င်းတို့၏ သဘောဆန္ဒ အလျောက်နေရပ်ပြန်ရေးဖြစ်ပေါ်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာအစိုးရအနေဖြင့်လည်း ၎င်းတို့၏ ဘဝလုံခြုံစိတ်ချမှုရှိစေရန် ပတ်ဝန်းကျင်အခြေနေကောင်းများ ဖန်တီးပေးရန်လိုအပ်ကြောင်း၊ ထို့ကြောင့်အဆိုပါအခြေအနေများဖြစ်ပေါ်စေရန် ဗီယက်နမ်နိုင်ငံအနေဖြင့် အရေးပါသည့် အခန်းကဏ္ဍမှနေ၍  အာဆီယံအဖွဲ့မှ ဘင်္ဂါလီအရေးကိစ္စအပေါ် ပိုမိုဖိအားပေးလုပ်ဆောင်နိုင်ရေးနှင့် အာဆီယံအဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံအပေါ် ပိုမိုထိရောက်သည့်တွေ့ဆုံဆွေးနွေးမှုများ တိုးမြှင့်လုပ်ဆောင်နိုင် ရေးတို့အတွက်တိုက်တွန်းပေးရန်တောင်းဆိုပါကြောင်း၊ သို့မဟုတ်ပါက အဆိုပါဘင်္ဂါလီဒုက္ခသည်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဒေသတွင်းမတည်ငြိမ်မှုများနှင့် ကြုံတွေ့နိုင်ပြီးနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အပေါ်၌ပါ အဟန့်အတားများဖြစ်ပေါ်စေလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ အဆိုပါဘင်္ဂါလီအရေးဖြေရှင်းရေးကိစ္စများနှင့်ပတ်သက်၍ ဗီယက်နမ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ဗီယက်နမ်နိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့ကြီး၏မူဝါဒတစ်ခုဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဟူ သောမူဝါဒအားကျင့်သုံးလျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံများနှင့် ဆန့်ကျင်ဘက်ဖြစ်မည့် မည်သည့်အရေး ကိစ္စကိုမဆို ကူညီထောက်ပံ့ပေးမည်မဟုတ်ကြောင်းကိုလည်း ဘင်္ဂါလီအရေးကိစ္စဖြေရှင်းရေးနှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံ၏ရပ်တည်ချက်ကို ကုလသမဂ္ဂတွင်အသိပေးခဲ့ပြီးဖြစ်သည်ဟု ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဗီယက်နမ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးပြောကြားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ဖွဲ့ဖြိုးဆဲနိုင်ငံများ၏ G-77 အဖွဲ့ဥက္ကဌနေရာတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တရုတ်နိုင်ငံသည် G-77 ၏အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည့်နည်းတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် လာမည့် ၂၀၂၀ တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဥက္ကဌနေရာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအား အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ် လာရေးအတွက် အပြုသဘောစဉ်းစားပေးရန် ဗီယက်နမ်အစိုးရအား ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့သည်ဟု သိရှိရပါသည်။

ဗီယက်နမ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးသည် ၎င်း၏ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိစဉ် ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်များနှင့်ပတ်သက်၍ ဗီယက်နမ်နိုင်ငံ၏ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ(၅၀,၀၀၀)နှင့် WFP ၏အစီအစဉ်များတွင်အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ(၅၀,၀၀၀)တို့အား ပေးအပ်လှူဒါန်းခဲ့သည်ဟုသိရှိရပါသည်။

ရည်ညွှန်း www.dhakatribune.com